နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းနှင့် အောင်ချက်အကောင်းဆုံးမြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ခေတ္တအမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ပညာရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း၏ အဓိကအခြေခံအုတ်မြစ်ဖြစ်သည့်အပြင် နိုင်ငံ့သားကောင်းတစ်ယောက်တွင် ရှိသင့်သည့် ကျင့်ဝတ်၊ စည်းကမ်းလိုက်နာမှု၊ စုပေါင်းဆောင်ရွက်တတ်မှု စသည့် စိတ်နေစိတ်ထားအခြေခံကောင်းများဖြစ်လာအောင် လေ့ကျင့်ပုံဖော်ပေးသောအရာဖြစ်ကြောင်း၊ အဆင့်မြင့်ပညာရပ်များ တတ်ကျွမ်းပြီး အရည်အချင်း ပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတည်ဆောက်ရေးများတွင် ကောင်းမွန်သည့် အထောက်အပံ့ကောင်းများ ရရှိမှာဖြစ်သလို နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးတွင် အတတ်ပညာ အသိပညာနှင့် အတွေးအခေါ်ထက်မြက်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်ဝမှုဖြစ်ပါကြောင်း၊ “မိဘဆရာပူးပေါင်းကလေးပညာကောင်း” ဟုဆိုသကဲ့သို့ ယခုလို ဂုဏ်ထူးရှင်များပေါ်ထွက်လာအောင် ဝိုင်းဝန်းကြိုးစားသင်ကြားပေးခဲ့ကြသည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ပညာရေးကို အားပေးပံ့ပိုးပေးခဲ့ကြသည့် မိဘများ၊ ဇွဲလုံ့လဝီရိယထားပြီး ကြိုးစားခဲ့ကြသော ကျောင်းသား/ကျောင်းသူများအားလုံးကိုလည်း ဝမ်းမြောက်ဝမ်းသာ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများအနေဖြင့် မိမိတို့ကျောင်းမှာ ကျောင်းသားတစ်ဦးချင်း အသိပညာများ ကြွယ်ဝစေရန်အတွက် စာဖတ်ကြစေလိုကြောင်း ဖတ်ရှုသည့်စာကို ဖတ်ရုံသာမဟုတ်ဘဲ မှတ်သားထားရှိရန်လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး ဘဝအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းကို အလေးထားသင်ကြား လမ်းညွှန်ပေးစေလိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်တွင် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများဖြစ်ပြီး အသိပညာကြွယ်ဝသော လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်နိုင်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း၊ ထို့အပြင် နိုင်ငံတော်ကချမှတ်ထားသည့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံ့အကျိုး၊ ပြည်သူ အားလုံး၏ အကျိုးကို ရှေးရှုပြီး ပညာကိုကြိုးစားသင်ယူသည့်အခါတွင် စာတတ်အောင် သင်ကြားသင်ယူရုံသာမက လိမ္မာရေးခြားရှိအောင်၊ စည်းကမ်းရှိအောင်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိ အောင်၊ ယဉ်ကျေးလိမ္မာပြီး မိမိတို့ယဉ်ကျေးမှုဓလေ့ကို မြတ်နိုးတန်းဖိုးထားတတ်သူဖြစ်အောင် နိုင်ငံတော်ကအားထားရသည့် လူတော်လူကောင်းများဖြစ်အောင် မှန်ကန်သည့် တွေးခေါ်မျှော်မြင်မှုများဖြင့် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အောင်ချက်အကောင်းဆုံး မြို့နယ်သုံးမြို့နယ်နှင့် အောင်ချက်အကောင်းဆုံးကျောင်း သုံးကျောင်းတို့အား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ပြီး ခြောက်ဘာသာဂုဏ်ထူးရရှိကြသည့် ကျောင်းသား/ ကျောင်းသူ ငါးဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ခြောက်ဘာသာ၊ ငါးဘာသာနှင့် လေးဘာသာဂုဏ်ထူး ရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းနှင့် အောင်ချက်အကောင်းဆုံးမြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအတွက် နေပြည်တော်ကိုယ်ပိုင်ကျောင်းများအသင်းနှင့် နေပြည်တော်စီးပွားရေးလုပ်ငန်းရှင်များမှ လှူဒါန်းသည့် အလှူငွေများကို လက်ခံကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး အခြေခံပညာကျောင်းများမှ ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကိုယ်စား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ခြောက်ဘာသာဂုဏ်ထူးရှင် မဖူးပြည့်ခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အသီးတရာအညှာတစ်ခု” သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြပြီး ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဂုဏ်ထူးများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ၂၉ ဦး၊ ငါးဘာသာ ၆၇ ဦး၊ လေးဘာသာ ၈၅ ဦး၊ သုံးဘာသာ ၁၀၄ ဦး၊ နှစ်ဘာသာ ၁၆၈ ဦး၊ တစ်ဘာသာ ၄၈၁ ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၉၃၄ ဦးရှိပြီး အောင်ချက်အကောင်းဆုံးမြို့နယ် ပထမဆုရ ပျဉ်းမနားမြို့နယ်၊ ဒုတိယဆုရ ပုဗ္ဗသီရိမြို့နယ်နှင့် တတိယဆုရ လယ်ဝေးမြို့နယ်၊ အောင်ချက်အကောင်းဆုံးကျောင်း ပထမဆုရ တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(MRTV)၊ ဒုတိယဆုရ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်းနှင့် တတိယဆုရ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)