ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဆည် ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၂ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင်၊ စာရေးဆရာမင်းစော(တောင်သမန်) ရေးသားသည့် “အောင်မြင်ရေးသော့ချက်(၂)” စာအုပ်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း(မောင်ခိုင်ကျော်-ကျောက်ဆည်)ကကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှုလေ့လာရာတွင် ရရှိမည့်အကျိုးကျေးဇူးများ၊ အသိပညာနှင့်အတတ်ပညာ ပေါင်းစပ်မှတန်ဖိုးရှိသည့်လူတစ်ဦးဖြစ်လာမှာဖြစ်ကြောင်း၊ ရည်ရွယ်ချက်ထားပြီး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စိတ်ထားမြင့်မြတ်ကောင်းမွန်သူများ ဖြစ်အောင်ကြိုးစားကြစေလိုကြောင်း၊ စာရေးဆရာမင်းစော (တောင်သမန်)ရေးသားသည့် “အောင်မြင်ရေး သော့ချက် (၂)”စာအုပ်ပါ ပညာရှင်ကိုရှာပါ၊ စိတ်ငြိမ်ဖို့လို၊ ထူးချွန်ထက်မြက်သူ၊ ပညာ၏သဘော၊ ပညာတန်ဖိုး၊ အားထုတ်လေ့ကျင့်ပါ၊မျှော်လင့်ချက်ထားပါစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာဖတ်ရှိန်မြင့်မားစေရေးနှင့် ကျောင်းသား/ကျောင်းသူများ၊ အတွေးအမြင်များဖလှယ်နိုင်ရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင် ရင်းနှီးမှုပိုမိုရရှိရေး၊ စာဖတ်ဝိုင်းများကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)