ခရမ်း သြဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ခရမ်းမြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့မျက်မှောက်ခေတ်ကာလမှာ ရာသီဥတုပြောင်းလဲခြင်းဖြစ်စဥ်များကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ် မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ဒီလိုဘေးအန္တရာယ်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျတုံ့ပြန်ရင်ဆိုင်ရမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မီးသတ်ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ဒုမီးသတ်ဦးစီးမှူး ဦးမင်းကိုအောင်မှ မီးသတ်တပ်ဖွဲ့၏ရည်မှန်းချက် (၄) ရပ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များစွမ်းဆောင်ရည်မြင့်မားနေ ရန်နှင့် လေ့ကျင့်သားပြည်ဝစေရန်၊ သင်တန်းကပို့ချသည့် လက်တွေ့၊ စာတွေ့သင်ခန်းစာများကို စိတ်ဝင်တစားဖြင့် ပျက်ကွက်မရှိတက်ရောက်ကြရန်တို့ကို အသီးသီးအမှာစကားပြောကြားပြီး အရန်မီးသတ်တူညီဝတ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအား သြဂုတ်လ ၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်တန်းသား (၆၀) ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)