ပေါင် ဩဂုတ် ၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၄ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေကို ဩဂုတ် ၆ ရက်နေ့နံနက်ပိုင်းက ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေးပေးခဲ့ရာ တောင်သူများအေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ချေးငွေထုတ်ပေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ခံမန်နေဂျာ ဒေါ်ယုယုခိုင်က ယခုနှစ်မိုးစပါးချေးငွေထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည်ပေးသွင်းရမည့်ကာလနှင့် အပြေအကြေပြန်လည်ပေးဆပ်ကြရေး ဆွေးနွေးပြောကြားခဲ့သည်။
ပေါင်မြို့နယ်အတွင်းမှ ရင်းငြိမ်တောင်ကျေးရွာ၊ ရွာတန်ရှည်ကျေးရွာနှင့် ကော့ထော်ကျေးရွာရှိ တောင်သူ (၂၉၆) ဦးတို့၏ စိုက်ဧက (၅၅၁၂) ဧကအတွက် ချေးငွေကျပ် (၃၄၂၁.၅၀) သိန်းကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့သည်။ စိုက်ပျိုးစရိတ်ချေးငွေ ချေးယူမည့်တောင်သူများအနေဖြင့် ပုံစံ(၇)မူရင်းကို မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲသို့ အပ်နှံမှသာ ချေးယူခွင့်ရရှိမည်ဖြစ်ကာ တစ်ဧကလျှင်ကျပ်တစ်သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မွန်မလေး (ပြန်/ဆက်)