မိတ္ထီလာ ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်)နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က အောင်မင်္ဂလာခန်းမနှင့် ကန်တော်မင်္ဂလာခန်းမတို့တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဦးစွာကျင်းပရာပြိုင်ပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ပြီး အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲနှင့် အတီးပြိုင်ပွဲများအား အောင်မင်္ဂလာခန်းမတွင်လည်းကောင်း၊ အဆိုပြိုင်ပွဲအား ကန်တော်မင်္ဂလာခန်းမတွင်လည်းကောင်းကျင်းပရာ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များမှ စုစုပေါင်းပြိုင်ပွဲဝင် ၅၅ ဦးပါဝင် ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ညနေ ၄ နာရီအချိန်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောင်မင်္ဂလာခန်း၌ ကျင်းပရာပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အခမ်းအနားမှူးများအား ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဂုဏ်ပြု ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ