မန္တလေး ဩဂုတ် ၈
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ (၁၃)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်း ဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းများမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
အခမ်းအနားကို နဝရတ်ကတိသစ္စာသံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်ပြီး သဘာပတိ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ဧည့်သည်တော်များသည် ပိုစတာများကို လှည့်လည်ကြည့်ရှုကြသည်။
၎င်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်(MIIT)တို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့တက်ရောက်ပြီး မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr.Sundeep Kaushal နှင့် တာဝန်ရှိသူများ၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်(MIIT)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ အထိမ်း အမှတ်သစ်ပင်များကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်