နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ကိုယ်လုံပညာသင်တန်းဖွင့်လှစ်

ကျောက်ဆည် ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကြီးမှူး၍ ယမန်နေ့နံနက်(၁၀)နာရီက နည်းပညာတက္ကသိုလ် (ကျောက်ဆည်) အောင်ဆန်းခန်းမတွင် ကိုယ်လုံပညာသင်တန်းဖွင့်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပါမောက္ခချုပ်ဒေါက်တာခင်မောင်ချင်းက ကျောင်းသား/ကျောင်းသူများအတွက် ကိုယ်လုံပညာသည် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းခြင်း၊ စိတ်ကြည်လင်ပေါ့ပါးခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်းများရရှိပြီး ဗလငါးတန်ကိုလည်းဖွံ့ဖြိုးတိုးတက်စေလိုကြောင်းစသည့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဒေါ်ထက်ထက်အောင်က ကိုယ်လုံပညာသည် လူတိုင်းတတ်မြောက်ထားသင့်သည့် ပညာရပ်တစ်ခုဖြစ်ကြောင်း၊ သင်တန်းပြီးမြောက်သွားပါက ဆက်လက်လေ့ကျင့်ကစားမှုများ ဆောင်ရွက်သွားကြစေလိုကြောင်း၊ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပြီး မိမိကိုယ်ကိုပိုမိုယုံကြည်မှုများလည်း တိုးပွားလာစေမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းကို ဆက်လက်ပို့ခဲ့ရာ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ဘာသာရပ်ပေါင်းစုံမှ သင်တန်းသူ(၅၉)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင်(၇)ရက်မှ(၁၁)ရက်နေ့အထိ (၅)ရက်အကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်၊ကျောက်ဆည်