မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာ သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မိတ္ထီလာစီးပွားရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စားသုံးသူကာကွယ်ရေး အသိပညာဟောပြောပွဲတွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူများ၏ အခွင့်အရေးများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊  တားမြစ်ချက်များ၊  ကုန်အညွှန်းအမှတ်အသားများ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းလုပ်ငန်းများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ဆက်သွယ်တိုင်းကြာနိုင်သည့် ဖုန်းနံပါတ်များကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ စားသုံးသူကာကွယ်ရေး အသိပညာဟောပြောပွဲကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ   ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိနှင့် ဒုတိယပါမောက္ခချုပ်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခများ၊ မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)