ရပ်စောက်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စက်ချုပ်သင်တန်းဖွင့်လှစ်

ရပ်စောက် ဩဂုတ် ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေး အမျိုးသမီးစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငကြောင်ကျေးရွာအုပ်စု၊ ရတနာပုံကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယခု ဖွင့်လှစ်တဲ့စက်ချုပ်နည်းပညာသင်တန်းသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာရေးအတွက် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချမှုများကို လက်တွေ့နယ်ပယ်မှာ အမှန်တကယ်အသုံးချနိုင်သည်အထိ သင်ယူလေ့လာကြရန်၊ တတ်မြောက်သည့် ပညာရပ်နှင့် လုပ်ငန်းထူထောင်ကြရန်၊ နိုင်ငံတော်ကထားသောစေတနာတွေအပေါ် လုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော်ခြင်းဖြင့် ကျေးဇူးဆပ်ကြစေလိုကြောင်း” ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများမှ သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါ အပ်ချုပ်စက်သင်တန်းတွင် အခြေခံစက်ချုပ်ဘာသာရပ်ကို ဩဂုတ်လ (၇) ရက်မှ စက်တင်ဘာလ (၅) ရက်ထိ  ရက်ပေါင်း (၃၀) နှင့် အဆင့်မြင့်စက်ချုပ်ဘာသာရပ်ကို စက်တင်ဘာလ (၁၃) ရက်မှ (၂၇) ထိ (၁၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်ကြားရေးအစီအစဉ်တွင် စာတွေ့ (၃၀) ရာခိုင်နှုန်း၊ လက်တွေ့ (၇၀) ရာခိုင်နှုန်းသင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းသို့ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငကြောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား (၁၅) ဦးတက်ရောက်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်