ဥတ္တရသီရိ ဩဂုတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ ရတနာစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်နှင့်စာဖတ်ခြင်းအကြောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်း၊ ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နားမာနိုက အလုပ်သမားရေးရာအကြောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဟန်မျိုးဝင်းက ဥပဒေဆိုင်ရာအကြောင်း၊ မြို့နယ်အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး နိုင်အောင်သူက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အငယ်တန်းအင်ဂျင်နီယာ-၂ ဦးကောင်းထက်မိုးက လျှပ်စစ်သုံးစွဲမှုအန္တရာယ်အကြောင်း၊ အမှတ်(၁၀၁)မူးယစ်တပ်ဖွဲ့စု(နေပြည်တော်)မှ ရဲအုပ်ဇင်မျိုးအောင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းတို့ကို အသီးသီးဟောပြောခဲ့ပြီး သက်ဆိုင်ရာဌာနများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)