တပ်ကုန်း ဩဂုတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ရွာသစ်)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများပိုမိုရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က “လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု” ခေါင်းစဉ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စာဖတ်ရှိန်မြှင့်တင်ရေး “စာဖတ်ခြင်းနှင့်အနာဂတ်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် အနော်ရထာရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ရွာသစ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထိုဟောပြောပွဲအပြီးတွင် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ လူကုန်ကူးမှု အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး၊ ကလေးများအတွက် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတရသစာအုပ်၊ စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တင်စိုးလွင်