မြစ်ကြီးနား သြဂုတ် ၇
၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်အားကစားပြိုင်ပွဲသို့ ကချင်ပြည်နယ်မှ အမျိုးသား/ အမျိုးသမီး ဖူဆယ်အသင်းများအနေဖြင့် ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မနံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အားကစားသမားများအား သွားရောက်တွေ့ဆုံပြီး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လက်ရွေးစင် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ် ဘောလုံးအသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်း ဂါဝရပြု မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့ ပြည်နယ်သူ/ ပြည်နယ်သားများ အားလုံးကိုယ်စား အောင်နိုင်ရေးအလံကို လွှဲပြောင်းပေးအပ်ရခြင်းအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယနေ့ သွားရောက်ယှဉ်ပြိုင်ကြမည့် လက်ရွေးစင် ဖူဆယ်အသင်းများအနေဖြင့် ပြည်နယ်အတွက် သမိုင်းသစ်ရေးထိုးနိုင်ရေး ကြိုတင်လေ့ကျင့်ပံ့ပိုးမှုများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကစားသမားများအနေဖြင့် ပြညနယ်လက်ရွေးစင်အဖြင့် ဂုဏ်ယူချင်စိတ်၊ ပြည်နယ်အတွက် ပေးဆပ်ချင်စိတ်များဖြင့် အောင်နိုင်ရေးစိတ်များ မြင့်မားစွာဖြင့် အမြင့်ဆုံးအောင်မြင်မှုကိုရရှိရေး စိတ်ဆုံးဖြတ်ချက်ခိုင်မာ စွာဖြင့် ယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်လက်ရွေးစင် ဖူဆယ်အသင်းများမှ နည်းပြများက အသင်းများအောင် မြင်မှုရရှိရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်အသင်းများအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်သိန်း (၃၀) ကိုလည်းကောင်း၊ ပြည်နယ်ဖူဆယ်အသင်း အောင်နိုင်ရေးတာဝန်ခံ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးကျော်မင်းခိုင်က ထောက်ပံ့ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများထံ အသီးသီး လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဖူဆယ်အသင်းများ၏ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်ကတိပြုစကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ မြစ်ရေကြီးမြင့်မှုဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့ရသည့် စီတာပူ ရပ်ကွက်အတွင်းရှိ ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား) ရုံးသို့ သွားရောက်ပြီး အသင်း ဥက္ကဋ္ဌ ဦးကရိုင်လအောင်နှင့် တာဝန်ရှိသူများက ရေကြီးရေလျှံမှုကြောင့် အသင်းရုံး နှစ်မြှုပ်ခဲ့မှုဖြစ်ပေါ် ခဲ့သည့် အခြေအနေများနှင့် စပ်လျဉ်း၍ လိုက်လံရှင်း လင်းပြသမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့သည်။
ထို့နောက် အစည်းအဝေးခန်းမ၌ အသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အသင်းဥက္ကဋ္ဌက ရေကြီးရေလျှံမှုကြောင့် အသင်းရုံး ရေနှစ်မြှုပ်ခဲ့မှု၊ ပယင်းနှင့် ကျောက်မျက်ရတနာ အချောထည် ရောင်းဝယ်ရေးစင်တာများ ရေနှစ်မြှုပ်ဆုံးရှုံးခဲ့မှု အခြေအနေများ၊ ကျောက်မျက်အချော ထည်သင်တန်းကျောင်းမှ စက်ကိရိယာပစ္စည်းများ ဆုံးရှုံးခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြ ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ရေကြီးမှုကြောင့် ဖြစ်ပေါ်ခဲ့မှုအပေါ် အစိုးရ အဖွဲ့က ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဖြည့်စွက်တင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကျောက်မျက်အသင်းရုံး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးကို ပံ့ပိုးကူညီလိုပါကြောင်း၊ အလုပ်အကိုင်အခွင့် အလမ်းအတွက် အချောထည်ပြုလုပ်နည်း သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးစေလို ကြောင်း၊ ယနေ့ ပယင်းအချောထည်ရောင်းဝယ်ရေးစင်တာ ရေကြီးနှစ်မြှုပ်မှုကြောင့် ဈေးသည်များ နစ်နာဆုံးရှုံးခဲ့မှုအပေါ် တတ်နိုင်သလောက် ပံ့ပိုးကူညီထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ကျောက်မျက်အချောထည်ရောင်းဝယ်ရေး အပါအဝင် ပယင်းအချောထည် ကျယ် ကျယ်ပြန့်ပြန့် ရောင်းဝယ်နိုင်ရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်နိုင်ရေး၊ ဈေး ရောင်းဝယ်များ ရေကြီးနစ်မြှုပ်မှုကြောင့် ဆုံးရှုံးခဲ့မှုအပေါ် ကူညီထောက်ပံ့ပေးနိုင်ရေး ဆွေးနွေးဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)