မိုင်းရှူး သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိန်ငွေက လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်နှင့် ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များ အကြောင်းဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက လူကုန်ကူးမှု၏ သမိုင်းအကြောင်း၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေနှင့် လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)