ဒလ ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (၁) ယုဇနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအိအိအောင်မှ ကလေးသူငယ်ဥပဒေတွင်ပါသည့် စီရင်ပိုင်ခွင့်နှင့်အဓိပ္ပာယ်များ၊ ရည်ရွယ်ချက်များ၊ အသက် ၁၈ နှစ်အောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်း၊ အသက် ၈၅ နှစ်အထက် အဘိုးအဘွားများကိုထောက်ပံ့ခြင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်သက်ဆိုင်သည့် မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
အေးမြမိုး (ပြန်/ဆက်)