ပျဉ်းမနား ဩဂုတ် ၇
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် ဉာဏဆိုင်ရာပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း(ပျဉ်းမနား)၌ ကျင်းပသည်။
ဉာဏဆိုင်ရာပြိုင်ပွဲများအနေဖြင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် ဉာဏဆိုင်ရာပြိုင်ပွဲများအား ပြိုင်ပွဲတစ်ခုချင်းအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုနှစ်ဆု စုစုပေါင်း ငါးဆုစီ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)