တောင်ကြီး သြဂုတ် ၇
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့သည် လူငယ်များ၏ အခန်းကဏ္ဍအရေးပါးမှုကို ဖော်ထုတ်ပေးရန်နှင့် လူငယ်များ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှုတို့ကို မှန်ကန်တည့်မတ်အားပေးရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၈) နာရီက ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီး ဖူဆယ်အသင်းတို့အား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲနှင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ယခုလိုလူငယ်များပါဝင်နိုင်သည့် အားကစားပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုနှင့် ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့မှာ ပြည်နယ်အဆင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပခြင်းအပြင် အခမ်းအနားကျင်းပမည့်ရက်မတိုင်မီ အကြိုလှုပ်ရှားမှုများအဖြစ် အသက် (၁၅) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များ ပါဝင်ယှဉ်ပြိုင်မည့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာအဆင့်ဘင်ခရာပြိုင်ပွဲ၊ တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြု၊ သားဖွား၊ အခြေခံပညာအဆင့်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့မှ (၁၉) ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရှမ်းပြည်နယ်ကိုယ်စားပြု ဖူဆယ်အသင်းကို အထူးပြောကြား လိုတာက ၂၀၂၃ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်နယ်/တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အမျိုးသမီး ဖူဆယ်အသင်းသည် ပထမတံခွန်စိုက်ဖလားနှင့် အမျိုးသားဖူဆယ်အသင်းသည် ဒုတိယဆုရရှိခဲ့သည့်အတွက် ယခုသွားရောက်ယှဉ်ပြိုင်မည့် အမျိုးသား၊ အမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းသွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် (၂၅) နှစ်အောက် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီး ဖူဆယ်အသင်းသို့ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ အသင်းအုပ်ချုပ်သူ၊ နည်းပြများမှ လက်ခံရယူသည်။
ထို့နောက် ဘင်ခရာပြိုင်ပွဲစတင်ကျင်းပရာ အမှတ် (၃၊ ၅၊ ၄) အခြေခံပညာအထက်တန်းကျောင်းများမှ ပါဝင်ယှဉ်ပြိုင်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ တောင်ကြီးပညာရေးကောလိပ်မှ သင်တန်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ကွန်ပျူတာတက္ကသိုလ်နှင့် သားဖွားသင်တန်းကျောင်းမှ ဘော်လီဘောယှဥ်ပြိုင်ကစားနေမှု၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမတွင် လူငယ်နှင့်ယဉ်ကျေးမှု ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများမှ စာစီစာကုံးဖြေဆိုနေမှုနှင့် တောင်ကြီးတက္ကသိုလ်ကျိုင်းတုံခန်းမတွင် “လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်လို့ ပိုမိုကောင်းမွန်တဲ့ အဖွဲ့အစည်းကိုဖန်တီးစို့” ဆောင်းပါးခေါင်းစဉ်ဖြင့် တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) မှ (၁၀) အထိ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများ အသင်းကို သြဂုတ် (၁၂) ရက်နေ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)