ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ဒုတိယအကြိမ် လှူဒါန်း

တောင်ကြီး သြဂုတ် ၇

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ဒုတိယအကြိမ် ပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများ၊ ပြည်နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် စားသောက်ဖွယ်ရာများကို စေတနာ၊ မေတ္တာအပြည့်ဖြင့် စိတ်အားထက်သန်စွာ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက ပြင်ဆင်ထုပ်ပိုးဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြ​​ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ခေါက်ဆွဲခြောက်ထုပ် (၅၀၀၀)၊ ငါးသေတ္တာဘူး (၃၀၀၀)၊ ကော်ဖီမစ်ထုပ် (၅၀၀၀)၊ သီးစုံဓာတ်ဆားထုပ် (၅၀၀၀)၊ ပဲပုတ်ကြော်ထုပ် (၂၀၀၀)၊ ငါးကလေးကြော်ထုပ် ​(၂၀၀၀)၊  ဆေးလိပ်အထုပ် (၁၀၀၀)၊ လက်ဖက်ထုပ် (၅၀၀၀)၊  ချိုချဥ်အထုပ် (၁၀၀၀)၊ ချောင်းဆိုးပျောက်ဆေးအထုပ် (၃၀၀၀)၊ မဟာဖြေဆေးအထုပ် (၃၀၀၀)၊ ငါးပိထောင်းအထုပ် (၅၀၀၀)နှင့် စုစုပေါင်း အစားအသောက် (၁၂)မျိုးပါ အထုပ် (၁၀၀၀)ကို ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် “အများအကျိုးအတွက်ကိုယ်ကျိုးကိုစွန့် အသက်ကိုရင်းပြီးတိုက်ပွဲဝင်နေသည့်ကာလတစ် လျှောက်မှာ ဘေးဥပါဒ်ကင်း အန္တရာယ်ကင်းစင်၍တိုက်ပွဲတိုင်းတွင် အောင်ပွဲဆင်နိုင်ပါစေ၊” "နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို အသက်ပေးကာကွယ်စောင့်ရှောက်နေကြသော ရှေ့တန်းရောက် တပ်မတော်သားများအားလုံး ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းဝေးပါစေ၊" "တရားသောစစ်ဆင်နွဲနေသည့် တပ်မတော်သားများအားလုံး အောင်ပွဲအမြန်ဆုံးရကြပြီး အောင်ပွဲနဲ့အတူ အိမ်ပြန်လာမည့်နေ့ကို မိသားစုတွေနဲ့အတူ အောင်သပြေပန်းနှင့် ကြိုဆိုနေပါမယ်" မိမိတိုင်းပြည် မိမိလူမျိုးတို့အား အသက်နှင့်ရင်း၍ ကာကွယ်စောင့်ရှောက်နေသော ရှေ့တန်းရောက် သူရဲကောင်း စစ်သည်များအတွက် “တရားသောစစ်ကိုဆင်နွဲသော တပ်မတော်သားအားလုံး အောင်ပွဲများရရှိပါစေ” အစရှိသည့် ဆုတောင်း မေတ္တာစာလွှာများ  ထည့်သွင်းပေးပို့ခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ထမ်းမိသားစုများက စုစုပေါင်းငွေကျပ်သိန်း (၂၀၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာ (၁၂)မျိုးပါ အထုပ်ပေါင်း (၁၀၀၀)ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သြဂုတ်လ (၆)ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပေးအပ်လှူဒါန်းရာ တိုင်းစစ်ဌာနချုပ်ဧည့်ခန်းမတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက လက်ခံရယူခဲ့ပြီး တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် တပ်မတော်လေယာဥ်၊ ရဟတ်ယာဥ်များဖြင့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)