တာချီလိတ် ဩဂုတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားရာတွင် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ပေးခဲ့ကြသော လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁၂) နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့မှစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်ကျော်လွန်ကာ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်များအတွင်း ဩဂုတ်လ (၁) ရက်နေ့မှ (၄) ရက်နေ့အထိ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ရေနစ်မြုပ်သည့် ရပ်ကွက်များအတွင်းရှိ ရေးဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့ကြသော မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)