ရပ်စောက်မြို့၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

 

ရပ်စောက် ဩဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် သစ်တောဦးစီးဌာနမှကြီးမှူး၍ သစ်တောသစ်ပင်များမှ ရရှိနိုင်သောအကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက နောင်ခမ်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးမောင်နှင့် ဒုတိယဦးစီးမှူး ဦးမောင်ခိုင်တို့က ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများအား သစ်တောသစ်ပင်များမှရရှိနိုင်သော အကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောသစ်ပင်များ၏ အရေးပါမှုကဏ္ဍများ၊ သစ်ပင်ပျိုးထောင်သည့် နည်းစနစ်များ၊ သစ်တောနှင့် ရေဝေရေလဲဒေသထိန်းသိမ်းရေးလုပ်ငန်းများ စသည့်အကြောင်းအရာတို့ကို အသိပညာပေးဟောပြော ဆွေးနွေးကြသည်။

ဆက်လက်၍ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများ၊ စုစုပေါင်းအင်အား (၁၀၀)ဦးနှင့်အတူ ကျောင်းအတွင်း၊ အပြင်တို့၌ ကျွန်း၊ ခါတော်မီ၊ မျောက်ငို၊ စိန်ပန်းပြာ၊ ပုန်းညက် စသည့် သစ်အမျိုးအစား (၅)မျိုး၊ စုစုပေါင်းသစ်ပင် (၁၂၅)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)