ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ငါးသားပေါက်ကောင်ရေ (၆၀၀၀၀)ကောင် ငါးမျိုးစိုက်ထည့်၊  ဇာပြာပိုက်လှောင်အိမ်ပေးအပ်ပွဲနှင့် ဒေသဝက် (၅၀)ကောင် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ဟိုပုံး ဩဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာရှိ နမ့်တဘက်ချောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးနိုင်၊ ဒေသ/မြို့နယ် အဆင့်ဌာနများ၊ ဒေသခံပြည်သူများက ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀)ကောင်၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀)ကောင်နှင့် ငါးခုံးမ ငါးသားပေါက်ကောင်ရေ (၂၀၀၀၀)ကောင် စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၆၀၀၀၀)ကောင်တို့ကို စိုက်ထည့်ခဲ့ကြသည်။ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နမ့်တဘက်ချောင်းအတွင်း ၂၀၂၂ ခုနှစ်တွင် ငါးသားပေါက်ကောင် ရေ (၁၅၀၀၀၀)ကောင်ကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ (၁၀၉၀၀၀) ကောင်ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ (၆၀၀၀၀) ကောင်ကိုလည်းကောင်း စိုက်ထည့်ခဲ့ကြကြောင်းသိရသည်။ ထိုသို့စိုက်ထည့်ရာတွင် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်ရှိ ပုံးအင်းဒေသသည် စပါးစိုက်ဧက (၂၀၀၀၀)ကျော်ရှိပြီး ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်သူများ ငါးသယံဇာတထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီးမှုမဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများကို စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာဘုန်းတော်ကြီး ကျောင်းဆရာတော်အား သွားရောက်ဖူး‌မြော်၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဟိုပုံးမြို့နယ်၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာတွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇာပြာပိုက်လှောင်အိမ်ပေးအပ်ပွဲကို ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးနိုင်တို့က ဒေသခံပြည်သူများအား ဇာပြာပိုက်လှောင်အိမ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာတွင်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြန့်ဖြူးမည့် ဒေသဝက် (၅၀)ကောင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ရှမ်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝင်းဇင်မောင်က အမှာစကားပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါက်တာ နီနီဝင်းမှ လုပ်ငန်း‌ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မွေးမြူသူ တောင်သူများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးသည့် ဒေသဝက် (၅၀)ကောင်နှင့်ပတ်သက်သည့် စာချုပ်စာတမ်းများအား ကျေးရွာကော်မတီသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် မွေးမြူတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက နိဂုံးချုပ်အမှာစကားပြောကြား၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မွေးမြူ‌သူတောင်သူများအား ဒေသဝက်များ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရဿည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)