ဥတ္တရသီရိ ဩဂုတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရေပြင်အသက်ကယ်နှင့် စက်လှေမောင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်(နောက်)ကျေးရွာရှိ ငလိုက်ဆည်တွင် ကျင်းပရာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ မီးသတ်ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် တာဝန်ရှိသူများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ မီးသတ်ဦးစီးဌာနအနေနဲ့ ပြည်သူလူထုအား မီးဘေးအန္တရာယ်၊ ရေကြီးရေလျှံမှုအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်အစရှိသည့် သဘာဝဘေးအန္တရာယ်များနှင့် အခြားသောမတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက ညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းများပို့ချခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို နိုင်ငံနှင့်တစ်ဝန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းကို နေပြည်အတွင်း ရေကြီးရေလျှံမှု အန္တရာယ်များဖြစ်ပွား ပေါ်ပေါက်လာပါက ခရိုင်၊ မြို့နယ်၊ နယ်မြေစခန်းများရှိ တပ်ဖွဲ့ဝင်များအနေနဲ့ နိုင်ငံတကာအဆင့်မီ ရှာဖွေကယ်ဆယ်ရေး နည်းလမ်းများနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်ပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် ဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင် (၃၅) ဦးအား သင်ကြားပို့ချ ပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် အစိုးရဌာနများတည်ရှိရာ အုပ်ချုပ်မှုမြို့တော်ဖြစ်သည့်အပြင် လွှတ်တော် အဆောက်အအုံများ၊ ဟိုတယ်ဇုန်များ၊ စက်မှုဇုန်များ၊ အစိုးရ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်များ၊ Shopping Mall များစသည့် အဆောက်အအုံများစွာ တည်ရှိလျက်ရှိပြီး ဆည်၊ မြောင်း၊ တာတမံများစွာ တည်ရှိနေသော မြို့ကြီးတစ်မြို့ဖြစ်သည့်အတွက် ပြည်သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ် အမျိုးမျိုးကိုလည်း ရင်ဆိုင်လာရပါက နေပြည်တော်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းမှ ပို့ချပေးသည့် ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို ထိရောက်စွာ အသုံးချသွားကြရန်နှင့် မိမိတာဝန်ကျရာ စခန်းအသီးသီးသို့ ရောက်ရှိပါက စဉ်ဆက်မပြတ် လေ့လာသွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်း၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးအား စက်လှေများဖြင့် ရင်ဘောင်တန်းဖြန့်အလေးပြုခြင်း၊ မြှားဦးပုံသဏ္ဍာန်ဖြင့် အလေးပြုခြင်း၊ စက်လှေမောင်းစွမ်းရည်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် နေပြည်တော် မီးသတ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင် (၃၅) ဦးအား ဩဂုတ်လ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ (၃) ရက်ကြာ သင်းကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)