ရပ်စောက် ဩဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ဖောင်းတောကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ရပ်စောက်မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး(ကာယ) ဒေါ်အမာကြူက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်အားကစားမှူး ဦးမြတ်သူက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောကြသည်။ ဆက်လက်၍ မြို့နယ်အားကစားမှူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့က ဟောပြောချက်များအပေါ် မေးခွန်းများပြန်လည်မေးမြန်း၍ အဖြေမှန်သော ကျောင်းသား၊ ကျောင်းသူများကို အားကစားအင်္ကျီနှင့် ဆုတော်ငွေများချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးအား စာအုပ်စာစောင်နှင့် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများကို ရပ်စောက်မြို့နယ် လက်ရွေးစင် မြန်မာ့သိုင်းအဖွဲ့မှ သရုပ်ပြသကြကာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အားကစားဆိုင်ရာ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်