မြစ်သားမြို့နယ်တွင် ငှက်ပျောအပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စီးပွားဖြစ်စိုက်ပျိုး

မြစ်သား သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်အတွင်းရှိ  ကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက ကင်းတားရေလွှဲဆည်ရေနှင့်မြေအောက်ရေကိုအမှီပြုကာ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး အင်းရင်းအုပ်စု၊  ဆင်ကြံကျေးရွာ တောင်သူ ဦးဝင်းမောင်၏  စိုက်ခင်းတွင် ငှက်ပျောပင်(၁၁၀၀)အပင်များအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။

မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်လာသဖြင့်ဒေသခံတောင်သူများက တစ်နှစ်ပတ်လုံးစိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိရာ အဓိကစိုက်ပျိုးသည့် သီးနှံများဖြစ်သော စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံ၊ ကြက်သွန်နှင့် စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာ၌ ဝင်ငွေများတိုးပွားစေရန်အတွက် ငှက်ပျော စိုက်ပျိုးလုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိရာ ဖီးကြမ်းငှက်ပျောက စျေးကွက်မှာစားသုံးသူများ အကြိုက်တွေ့သဖြင့် စျေးလည်းပိုရရှိသည့်အပြင် လှည်းတစ်စီး (၄၀)ဆယ်ခိုင်ပါစျေးနှုန်းမှာ (၆)သိန်းကျပ် ရောင်းချရကြောင်း ဒေသခံငှက်ပျောစိုက်ပျိုးတောင်သူ ဦးဝင်းမောင်ထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)