“စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတက်ရောက်

ပင်းတယ ဩဂုတ် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း “မြတ်ရတနာ” ခန်းမ‌၌ ယမန်နေ့မွန်းလွဲပိုင်းက “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအာကာလင်းက ဒီကနေ့ဟာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေနဲ့ စာအုပ်/စာပေများနှင့် ချစ်ခင်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိစေရန်အတွက် ဒီပွဲတော်ကြီးမှာ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနဲ့ ကျပန်းစကားပြောပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ကျွန်တော်တို့ရဲ့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်ရန် တည်ဆောက်တဲ့နေရာမှာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေဖြစ်ကြတဲ့ ကျောင်းသား/ကျောင်းသူများကို ဗလငါးတန်နဲ့ပြည့်စုံတဲ့ လူတော်လူကောင်းများ ဖြစ်လာအောင် ဆရာ/ဆရာမ များအနေဖြင့် သင်ကြပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားပေးခဲ့သည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေများကို အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများမှ ပြန်လည်သရုပ်ပြ တင်ဆက်ခြင်းနှင့် အ.ထ.က(၁)ကျောင်းသား/ကျောင်းသူမျက “ကောင်းကျိုးရဖို့ စာဖတ်စို့” “ရွှေမြန်မာအေးချမ်းသာယာ”  သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)