မက်မန်း ဩဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူများအား နိုင်ငံတော်အစိုးရက စာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမှီစွာထားရှိပေးနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မက်မန်းမြို့နယ် ရောင်အူ“ဝ”ကျေးရွာ၊ အောင်သံလွင်ကျေးရွာနှင့် ကွန်ဟောင်းကျေးရွာတို့တွင် စာကြည့်တိုက်သစ်ဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဩဂုတ်လ ၅ ရက်နေ့က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ခိုင်မာစွာ ဆောက်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် ကော်မတီဝင်များက အနီးကပ်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးတိုးတက်ခြင်း၏ အဓိကအကျဆုံးမှာ လူငယ်များစာဖတ်သင့်ပါကြောင်းနှင့် စာကြည့်တိုက်များသည် မရှိမဖြစ်လိုအပ်ပါကြောင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ရောင်အူ“ဝ”ကျေးရွာ၊ အောင်သံလွင်ကျေးရွာနှင့် ကွန်ဟောင်းကျေးရွာတို့အတွက် ရှမ်းပြည်နယ်အစိုးရက လှူဒါန်းရရှိခဲ့သော စာကြည့်တိုက်အလှူငွေ သိန်း(၄၅၀) အား သက်ဆိုင်ရာ စာကြည့်တိုက်ဆောက်လုပ်ရေးကော်မတီထံသို့ အပ်နှံမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များဆောက်လုပ်ရာတွင် ရေရှည်တည်တံ့စာကြည့်တိုက်များဖြစ်စေရန်အတွက် ရပ်ကွက်/ကျေးရွာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသင့်ပါကြောင်း၊ ကျေးရွာစာကြည့်တိုက် တာဝန်ခံများကို စာကြည့်တိုက်ဆိုင်ရာစီမံခန့်ခွဲနည်းသင်တန်းများဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက်များရှိခြင်းသည် အကျိုးကျေးဇူးများစွာရရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ကျေးရွာစာကြည့်တိုက်သစ်များဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စာကြည့်တိုက်ကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ၊ ရပ်မိရပ်ဖများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)