ကျောက်ဆည် ဩဂုတ် ၅
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၂)နာရီက လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုသည်မှာ ကလေးဘဝ ရှေ့အလားအလားနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့် အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများကို ဆိုလိုကြောင်းနှင့် ထိုအလုပ်များတွင် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စာရိတ္တပိုင်း ဆိုင်ရာ ထိခိုက်နစ်နာစေသည့် အလုပ်မျိုး သို့မဟုတ် ၎င်းတို့ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေမည့် ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီကျောင်းမှထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသောအလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်ရ ခြင်းများ လုပ်ကိုင်ရကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အသက်(၁၆)နှစ် မပြည့်သေးသူကို သတ်မှတ်အလုပ်ချိန်ထက်ကျော်လွန်၍ အချိန်ပိုလုပ်ခွင့်မပြုရေး၊ အသက်(၁၆)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မပြည့်သေးသည့်သူကို အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းလက်မှတ်၊ ကျန်းမာကြောင်းဆရာဝန်၏ ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့်ပြုနိုင်ခြင်း၊ အန္တရာယ်ရှိသောအလုပ်များတွင် အလုပ်လုပ်ခွင့်မပြုရကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်း သား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသော ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး နံရံကပ်စာစောင်များကိုလည်း စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)