တာမွေမြို့နယ်၌ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

တာမွေ ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှငါးနှစ်အထိ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်၊ ဒဂုံလွင်လမ်းနှင့် သမာဓိလမ်းထောင့်ရှိ မေတ္တာပုညကာရီဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်အတွင်းရှိ အသက်တစ်နှစ်မှငါးနှစ်အထိ ကလေးငယ်များအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား (Catch-up) နည်းလမ်းဖြင့် ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတို့ကို ထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ရဲ့ရင်သွေးငယ်လေးတွေ ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းစွာ ကြီးထွားဖွံ့ဖြိုးလာစေဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အခုလိုလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးတာဟာ မြို့နယ်အတွက် အရမ်းကောင်းမွန်တဲ့ အစီအစဉ်တစ်ခုလို့ ပြောချင်ပါတယ်။ ဒါ့အပြင် အခုလိုကွင်းဆင်းပြီး ဆောင်ရွက်ပေးတာကြောင့် မြို့နယ်ကျန်းမာရေးဌာနအထိ သွားရောက်စရာမလိုတော့တဲ့အတွက် သွားရေးလာရေးမှာလည်း များစွာအဆင်ပြေပါတယ်” ဟု ကလေးမိဘတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အသက်တစ်နှစ်မှငါးနှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး တာမွေမြို့နယ်တွင်လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ အပတ်စဉ်အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် နေ့စဉ်နံနက်(၉)နာရီမှ မွန်းတည့်(၁၂)နာရီအချိန်အထိ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါတွင် (Catch-up) နည်းလမ်းဖြင့် အသက်တစ်နှစ်မှငါးနှစ်အထိ ကလေးငယ်များအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခြင်းကို ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)