မြစ်သား သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးဦးထွန်းဇော်ဦး၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဉက္ကဋ္ဌ ဦးထွန်းလှိုင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြိုင်ကုန်းကျေးရွာ၊ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၊ အသင်းသားတောင်သူများ၏ မိုးကြိုဝါစိုက်ပျိုးထွက်ရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ခင်းတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးထွန်းဇော်ဦးမှ ဒေသခံဝါစိုက်အသင်းသားတောင်သူများကို ဝါစိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝါစိုက်အသင်းသားတောင်သူများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ရာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံအသင်းသားတောင်သူများကို ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးကြိုဝါစိုက်ပျိုးဧက (၅၀၇)ဧကကို အသင်းသား တောင်သူ (၁၇၆) ဦးတို့က စိုက်ပျိုးခဲ့ရာ ဝါစိုက်ပျိုးသည့်အသင်းသားတောင်သူများက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် လိုအပ်ကြောင်း၊ တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသည့် မျိုးနှင့်သွင်းအားစုပစ္စည်းများ အချိန်မီပံ့ပိုးပေးသွားရန်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)