သဲကုန်း ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ချောင်းများအတွင်း ရေဝင်များကာ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှု အခြေအနေများအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ ဆောက်ခြုံကြီးကျေးရွာအုပ်စု၊ ကျားစုကုန်းရွာအနီး ခြံဝန်းနှင့်နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ပျက်စီးမှုအခြေအနေများ၊ ဆောက်ခြုံကြီးကျေးရွာ ချောင်းကူးတံတားအောက်တွင် အမှိုက်များပိတ်ဆို့ပြီး ချောင်းရေမြင့်တက်မှုကြောင့် ရေလျှံမှုအခြေအနေ၊ လမ်းပျက်စီးမှုအခြေအနေ၊ ရေစီးဆင်းမှုအခြေအနေနှင့် မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်ပျက်စီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက ရေကျသွားသည့်အခါတွင် ဆောင်ရွက်ထားရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ကြိုတင်စီစဉ်ဆောင်ရွက်ထားရေး သက်ဆိုင်ရာကျေးရွာအုပ်စုအတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဒေသခံပြည်သူများအား ကဏ္ဍအလိုက်လိုအပ်သည်များဆောင်ရွက်ရန် မှားကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)