မန္တလေး ဩဂုတ် ၆
အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အနောက်ရပ်ကွက်၊ အကွက် (၂၁၃) ၊ ၉၁(B)လမ်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြား၊ အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်း အရှေ့ဘက်ကပ်လျက်တွင် ယမန်နေ့နံနက် ၅ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သည့် ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူးများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦးတို့က အုပ်ချုပ်မှုယာဥ် ၃ စီး၊ ရေသည်ယာဥ် ၅ စီး၊ မီးငြှိမ်းသတ်ယာဥ် ၁၀ စီး အသုံးပြု၍ ငြှိမ်းသတ်ခဲ့ကြသည်။
ဖြစ်စဉ်မှာ သီရိမာလာအနောက်ရပ်ကွက်၊ အကွက်အမှတ် (၂၀၃) ၊ ၉၁ (B) လမ်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားရှိ အ.ထ.က (၂၁)ကျောင်းအနီး ဆံသဆိုင်အောက်ထပ်တွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး စက္ကူဂျပ်ဖာများသို့ မီးကူးစက်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် ၁၅ ပေ x ၂၀ ပေ နံကပ် ၂ ထပ်၊ ဆိုင်ခန်းတစ်ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာ သုံးစွဲသူအား အမှတ်(၅)မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
မြင့်မော်ထွန်း