ကျိုက်ထိုမြို့ အ.ထ.က(၂) ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ပြုလုပ်

ကျိုက်ထို ဩဂုတ် ၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာပေချစ်သူများအသင်း(Book Club)အဖွဲ့ဝင် ဦးတင်ထွေးနှင့် အထက(၂)မှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းထွဋ်အောင်တို့က အမှာစကားပြောကြားကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့်ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည့်စုံရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အထက(၂)မှ Grade(12)ကျောင်းသူ မသင်းပြည့်ပြည့်အေးက အစီစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး အထက(၂)မှ Grade-(11)ကျောင်းသူ မမေသဇင်ဦး၊ Grade(10)ကျောင်းသူ မသဇင်ဝင်းထွဋ်၊ Grade (10) ကျောင်းသား မောင်အောင်ပြည့်ဖြိုးတို့က အောင်မြင်မှုပန်းတိုင်ဆီသို့လူငယ်နှင့်အောင်မြင်မှု၊ တိုးတက်၊ အောင်မြင်၊ ပျော်ရွှင်ငြိမ်းချမ်း ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး စာပေချစ်သူများအသင်းအဖွဲ့ဝင် ဦးလှထွန်းက နိဂုံးချုပ်အမှာစကား ပြော‌ကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)