ကျောက်တံတား သြဂုတ် ၆ ရက်
ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့(ကားပါကင်)နေရာတွင် ယနေ့နံနက် ၈ နာရီ မိနစ် ၂၀ အချိန်က ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည်။
“အပြစ်မဲ့အရပ်သားပြည်သူ (၁ဝဝ) ကျော်အား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပူးပေါင်းအဖွဲ့များ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများအား ကန့်ကွက်ရှုံ့ချပွဲ”သို့ အင်အား (၁၂၀၀) ဦးခန့် တက်ရောက်လာခဲ့ပြီး အလျား၃ပေ၊ အနံ၂ပေရှိ အောက်ခံအပြာရောင်ပေါ်တွင် အနက်ရောင်စာသားဖြင့်ရေးသားထားသည့် “ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့များကို အမြစ်ဖြတ်ခြေမှုန်းပေးပါ”၊ “တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ခန္ဓာစွန့်၍ တိုက်ပွဲဝင်နေကြသော တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဦးညွှတ်ဂုဏ်ပြုပါသည်” စာတန်းများအား ကိုင်ဆောင်လာကြကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဒေသခံပြည်သူများ အတိဒုက္ခရောက်အောင်လုပ်ဆောင်နေသော MNDAA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပူးပေါင်းအဖွဲ့များ၏ လူမဆန်သောရက်စက်ယုတ်မာမှုများအား ကန့်ကွက်ရှုတ်ချသော ဟောပြောဆွေးနွေးခြင်းများကိုပြုလုပ်ခဲ့ပြီး နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
ကျောက်တံတား (ပြန်/ဆက်)