သထုံ ဩဂုတ် ၆
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဥ်တစ်ခုအဖြစ် အခမဲ့ဖွင့်လှစ်သည့် ကျေးလက်နေအမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်သီတာဝင်းစံက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျေးလက်နှင့်မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန်ရည်ရွယ်ကာ သင်တန်းကို အခမဲ့စားရိတ်ငြိမ်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က သင်တန်းသူတို့ထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းတွင် ကျွမ်းကျင်နည်းပြများက သထုံမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတို့မှ သင်တန်းသူ(၁၅)ဦးတို့အား အဆင့်မြင့်စက်ချုပ်ဘာသာရပ်များကို ၄၅ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်သီတာဝင်းစံနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)