လင်းခေး သြဂုတ် ၆
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျောင်းသားလူငယ်များ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက လင်းခေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အ.ထ.က(လင်းခေး) ကျောင်းသား/ကျောင်းသူများက “မြန်မာပြည်မှာ စာပဒေသာ ဝေဆာစေ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားဖြစ်ပြီး ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ စာအုပ်စာပေများနှင့် ငယ်စဉ်ကပင် ချစ်ခင်ရင်းနှီးကျွမ်းဝင်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားစေရန်အတွက် ရည်ရွယ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်း၏ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လင်းခေးခရိုင်၊ မြို့နယ်များအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား စာပေကို ချစ်ခင်ရင်းနှီးကျွမ်းဝင်စေရန်၊ မြန်မာစာပေသမိုင်းကြောင်းနှင့် သုတ/ရသစာအုပ်ပေါင်းများစွာကို စာအုပ်ပြပွဲနှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသပေးသည့် အစီအစဉ်များဖြင့် စာအုပ်စာပေများ ချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြသထားရှိပြီး ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အချင်းချင်းချစ်ခင်ရင်းနှီးစည်းလုံးညီညွတ်စေရန်၊ ဉာဏစွမ်းရည်များ တိုးတက်လာစေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အားကစားနည်းများ ထည့်သွင်းကျင်းပပေးပြီး လင်းခေးခရိုင်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်ဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)