မိုင်းပျဉ်းမြို့၌ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နှိုးဆော်ဆောင်ရွက်

မိုင်းပျဉ်း သြဂုတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မိုင်းပျဉ်းမြို့ပေါ်ရပ်ကွက်(၃)ခုတို့တွင် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးပြည့်ဖြိုးသော်က ယခုအချိန်ခါ မိုးရာသီကာလ၌ ဖြစ်ပေါ်တတ်သည့် ရေဘေးအန္တရာယ်များ ပြည်သူလူထုအား ထိခိုက်မှုလျော့နည်းစေရန်ရည်ရွယ်၍ ရေဘေးမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ထားရှိရမည့် အချက်များ၊ ရေကြီးနေစဉ်တွင် သတိပြုလိုက်နာရမည့်အချက်များ၊ ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရမည့် အချက်များ၊ မြေပြိုမည့် ရှေ့ပြေးလက္ခဏာများ၊ မြေပြိုမှုဖြစ်ပေါ်နေချိန် သတိပြုလိုက်နာရမည့် အချက်များ၊ မြေပြိုမှုဖြစ်ပေါ်ပြီးချိန်တွင် ဆောင်ရွက်ရမည့်အချက်များ စသဖြင့် ပြည်သူများသို့ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းနှင့် ရေဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

ထိုကဲ့သို့ ရေဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများဖြစ်သော လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ လိုက်လံနှိုးဆော်ခြင်းများကို မိုင်းပျဉ်းမြို့ ပိန်းဆန်းရပ်ကွက်၊ အလယ်ပိုင်း ရပ်ကွက်နှင့် အောက်စျေးတန်းရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က အားဖြည့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)