ကော့မှူး ဩဂုတ် ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအ.မ.က (မကျီးကန်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာအ.မ.က(မကျီးကန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလိမ္မာစာမှာရှိ၊ စာအုပ်စာပေလူမိတ်ဆွေဆိုသည်အတိုင်း စာအုပ်စာပေများ ချစ်မြတ်နိုးပြီး ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုလိုခြင်းများ ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့ လာရောက်၍ ငယ်ရွယ်စဉ်က ပင်စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ စာဖတ်မှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေနှင့်ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကော့မှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ