ကျိုင်းတုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးပွာရေး စက်ချုပ်နည်းပညာသင်တန်းဖွင့်

ကျိုင်းတုံ ဩဂုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီက ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်ကျေးရွာအုပ်စု၊ ဝမ်တောင်းကျေးရွာ၌ ကျင်းပသည်။

ဦးစွာ တာချီလိတ်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး  ဦးကျော်နိုင်ဦးက ကျေးရွာနေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်လာစေရန်၊  MSMEs အခြေခံကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးရွာစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊  နည်းပညာပံ့ပိုးပေးခြင်းဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေတိုးပွားရှိစေကာ အလုပ်အကိုင် အခွင့်အလန်းများ ရရှိစေရန်ရည်ရွယ်၍  အခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၀) ဦး တက်‌‌ရောက်ပြီး ပထမအကြိမ် အခြေခံသင်တန်းကာလ ဩဂုတ်လ (၅) ရက်နေ့မှ စက်တင်လဘာလ (၃) ရက်အထိနှင့် ဒုတိယအကြိမ် အဆင့်မြင့်သင်တန်းကာလ စက်တင်ဘာလ (၁၁) ရက်မှ (၂၅)  ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသူ (၅) ဦး ရွေးချယ်ပြီး အပ်ချုပ်စက်များနှင့်  လုပ်ငန်းသုံးပစ္စည်းများကို အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)