ကလောမြို့နယ်၌ ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းလုပ်ငန်းဖြစ်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

ကလော ဩဂုတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရှော်တောကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်မည့်လုပ်ငန်းဖြစ်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီမံကိန်းအဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွားရေးလုပ်ငန်းခေါင်းစဉ်နဲ့ ရွှေမင်းဖုန်းကျေးရွာအုပ်စုထဲမှာ ဒေသခံများအနေနဲ့ တနိုင်တပိုင်လုပ်ငန်းများ ပေါ်ထွက်လာနိုင်ရေးနှင့် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် (၅.၈.၂၀၂၄)မှ (၃.၉.၂၀၂၄)ရက်နေအထိ အခြေခံသင်တန်းကို ရက်ပေါင်း(၃၀)ကို သင်ကြားပေးမည်ဖြစ်ပြီး အဆင့်မြင့်သင်တန်း (၁၅)ရက်ကို (၁၀.၉.၂၀၂၄)မှ(၂၅.၉.၂၀၂၄)ထိ သင်ကြားပေးမည်ဖြစ်ကြောင်း၊ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးမှာဖြစ်ပြီး တက်ရောက်မယ့် သင်တန်းသားများကလဲ လုပ်ငန်းထူထောင်နိုင်ရန်အတွက် စိတ်ပါဝင်စားစွာနဲ့ အမှန်တကယ်တတ်မြောက်သည်အထိ သင်ယူကြဖို့လိုပါကြောင်း၊ သင်တန်းဖွင့်လှစ်ပြီးတဲ့နောက်မှာ သင်တန်းဆင်းများထဲက သင်တန်းထူးချွန်ပြီး လုပ်ငန်းထူထောင်လုပ်ကိုင်လိုသူ(၅)ဦးကို စိစစ်ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ဖို့ လုပ်ငန်းသုံးပစ္စည်းတွေကို ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ပေးအပ်လိုက်တဲ့ လုပ်ငန်းသုံးပစ္စည်းတွေ၊ သင်ကြားပေးလိုက်တဲ့ အတတ်ပညာတွေကို အခြေတည်ပြီး မိမိတို့ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင် ဖွင့်လှစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေလိုကြောင်း စသည်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းတွင် ရွှေမင်းဖုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေဒေသခံသင်တန်းသား(၁၀)ဦးတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)