ပင်လောင်းမြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ ပြုလုပ်

ပင်လောင်း ဩဂုတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင်ဖွံ့ဖြိုးရေး ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ထီဗွာကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အမှာစကားပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်ရာတွင် လုပ်ငန်းထူထောင်ပေးခြင်းနှင့် ကျေးရွာ၏ ဒေသထွက်ကုန်ကြမ်းအပေါ်မူတည်၍ ကုန်ထုတ်လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာသင်တန်းများပို့ချပေးခြင်း၊ လုပ်ငန်းထူထောင်လိုသူများကိုလည်း လုပ်ငန်းထူထောင်နိုင်သည့်အထိ လိုအပ်သောနည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကိုလည်း သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် အမှန်တကယ်တတ်မြောက်သည်အထိ သင်ယူကြဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့်အဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုး၊ ကျေးရွာစီမံကိန်းကော်မတီဝင်များ၊ သင်တန်းသားများနှင့်အတူ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ တောင်ထီဗွာကျေးရွာအုပ်စုအတွင်းရှိ ‌ကျေးရွာများမှ သင်တန်းသား(၁၅)ဦးတို့အား ဆရာနှစ်ဦးဖြင့် ဩဂုတ်လ ၅ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)