ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ အားကစားပစ္စည်းနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

ဒဂုံမြောက် ဩဂုတ် ၆

လူငယ်များ ဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသားဗဟုတများတိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ အားကစားပစ္စည်းနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၈)ရပ်ကွက်၊ ဗိုလ်ဖိုး‌စောလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မေခခန်းမ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဒေါက်တာရွှေပြည်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များဗလငါးတန်ပြည့်စုံဖို့လိုအပ်‌ကြောင်း၊ ဗလငါးတန်တွင် အရေးကြီးဆုံးသော စာရိတ္တမဏ္ဏိုင်ကြံ့ခိုင်ဖို့အရေးကြီးကြောင်း၊ နိုင်ငံတော်ကအားထားရတဲ့ ဘက်စုံထူးချွန်ထက်မြက်တဲ့ ကျောင်းသားများဖြစ်အောင် ကြိုးစားကြဖို့လိုကြောင်း၊ နိုင်ငံတော်ကလည်း အ‌လေးထားအားပေးဆောင်ရွက်နေပါ‌ကြောင်း စသည်ဖြင့် ပြောကြားသည်

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးဌေးလင်းကလူငယ်ရေးရာအကြောင်း သိကောင်းစရာများဟောပြောခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး(ငြိမ်း)ဦးတင်ညွန့်မှ လူငယ်နှင့်ဗလငါးတန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက လူငယ်နှင့်စာဖတ်ခြင်းခေါင်း‌စဉ်တို့ဖြင့် အသိပညာပေးဟောပြောဆွေးနွေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဒေါက်တာရွှေပြည်စိုးက ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်များနှင့် ခရိုင်အားကစားမှူးဦး‌အောင်ကျော်ကျော်တို့က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသန်းက လက်ခံရယူသည်။ ဆက်လက်၍ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့သိုင်း၊ Fitness dance အားကစားနည်းများဖြင့် သရုပ်ပြသခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးခန့် တက်ရောက်ကြကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

မြင့်မြင့်ရီ