ဒဂုံအရှေ့ သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ဖွဲ့စည်းထားရှိပြီးသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံမီးသတ်ပညာသဘောကို သိရှိနားလည်တတ်မြောက်စေပြီး မီးလောင်မှုများ ဖြစ်ပေါ်လာပါက ထိရောက်လျင်မြန်စွာ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်(၄)ရပ်နှင့် မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များအား သိရှိလိုက်နာ အကောင်အထည်ဖော်ဆောက်ရွက်နိုင်စေရန်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်ဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေး ပညာဘာသာရပ်များအား သိရှိနားလည်သဘောပေါက်စေရန်နှင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ဇော်က အရန်မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံများအား ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အသက်(၃၅) နှစ်အောက် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးဖြင့် သြဂုတ်လ ၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်တန်းကာလ ရက်သတ္တပတ်(၄) ပတ်ကြာ ဖွင့်လှစ်လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ