မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအစားအစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် သြဂုတ် ၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(မော်လမြိုင်ဇုန်)နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်း(မော်လမြိုင်ဇုန်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အစားအစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Hinthar Hotel ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနိုင်လယိတမ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတာဝန်ရှိသူများ၊ မွန်ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဟိုတယ်မန်နေဂျာများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသူ/သင်တန်းသားများတက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက မွန်ပြည်နယ်တွင် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်လျက်ရှိပြီး ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်  ဟိုတယ်လုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများ ဝန်ဆောင်မှုကောင်းစွာပေးနိုင်မည့် ဝန်ထမ်းများလိုအပ်လျက်ရှိပြီး  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် သင်ကြားပေးသည့် အသိပညာဗဟုသုတများကို စနစ်တကျလေ့လာမှတ်သား ကြိုးစားသင်ယူကြပြီး လက်တွေ့မှာ အမှန်တကယ်အသုံးချနိုင်အောင် ကြိုးစားအားထုတ်သင်ယူကြပြီး မိမိတို့၏ကိုယ်ရည်ကိုယ်သွေးကိုမြှင့်တင်ပြီး အရည်အသွေးမီဝန်ဆောင်မှုပေးနိုင်သော ဝန်ထမ်းကောင်းများအဖြစ်အနာဂတ်မှာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ သယ်ပိုးထမ်းရွက်နိုင်သူဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇေယျာထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် သင်တန်းသား/သူများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို သြဂုတ်လ(၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)