ကျောက်ဆည် ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ကာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ဆူးကုန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက မိုးခေါင်ရေရှားဖြစ်နေစဉ် လိုက်နာရန် အချက်များ၊ မိုးခေါင်ရေရှား ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်လုပ်ဆောင်ရန်အချက်များ၊ လျှပ်စီးလက်ခြင်းဖြစ်ပွားပြီးနောက် လိုက်နာရန်အချက်များ၊ လေပြင်းဘေးအတွက်ကြိုတင် ပြင်ဆင်ရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရန်အချက်များ၊ ဆူနာမီ ဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရန်အချက်များနှင့် ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များစသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး တက်ရောက်လာသူများက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြန်လည်ဖြေကြားခဲ့ပြီး သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)