မိုင်းယောင်း ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယနေ့နံနက် (၈) နာရီက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နမ့်လျန်ချောင်းနှင့် နမ့်ဝမ်ချောင်း ရေကြီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေစီးဆင်းမှုကြောင့် နမ့်လျန်ချောင်း ရေကြီးမှုဖြစ်ပေါ်ပြီး ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်ဘန်းကျေးရွာ၊ ဝမ်လဲကျေးရွာ၊ ဝမ်ဒေကျေးရွာနှင့် ဝမ်မိုင်ကျေးရွာရှိ လူနေအိမ်များသို့ ရေဝင်ရောက်ခဲ့သည်။ ထို့ပြင် နမ့်ဝမ်ချောင်း ရေကြီးမှုကြောင့် ဝမ်တပ်ကျေးရွာအုပ်စု၊ ဟိုရမ်းကျေးရွာနှင့် ဝမ်ဘိုးကျေးရွာအုပ်စု၊ လော့ဟန်ကျေးရွာ၊ ယမ်းမွန်းကျေးရွာတို့တွင် ဟိုရမ်း-ဝမ်ဘန်းလမ်း (၁)ပေခန့် ရေကျော်ခဲ့ပြီး လယ်များ ရေနစ်မြှုပ်ခြင်းဖြစ်ပေါ်ခဲ့သည်။
ချောင်းရေကြီးမှုဖြစ်ပေါ်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် ခေတ္တတပ်နယ်မှူး ဗိုလ်မှူးဇော်မင်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် ခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွားရောက်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါ ချောင်းရေကြီးမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုနှင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)