ရတနာပုံတက္ကသိုလ်၌ ပညာ၏တန်ဖိုးအ‌ကြောင်း ဟောပြောပွဲ ကျင်းပ

အမရပူရ သြဂုတ် ၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ပညာအသိ၊ ပညာတန်ဖိုး၊ စာပေယဉ်ကျေးမှု၊ စာပေချစ်စိတ်တို့ကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်ဖြင့် စာပေ၊ ပညာ၏တန်ဖိုးအကြောင်း ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ပါမာက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ဝမ်းမြောက်ဂုဏ်ယူစကားနှင့် ကျေးဇူးတင်အဖွင့်အမှာစကား ပြောကြားပြီး ဆရာကြီး ဒေါက်တာမောင်သင်း၊ ပါမောက္ခချုပ်(ငြိမ်း)က “ပညာပါမှ အမြင့်သို့ရောက်မှာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်ပြီး ဆရာကြီး ဒေါက်တာမောင်သင်းက ရတနာပုံတက္ကသိုလ်စာကြည့်တိုက်နှင့် ဘာသာရပ်စာကြည့်တိုက်များသို့ သုတစာ‌ပေ၊ ရသစာပေ၊ ပညာရပ်ဆိုင်ရာ(ပြည်တွင်း/ပြည်ပ)၊ သုတေသနဆိုင်ရာ၊ ပြဌာန်းချက်ဆိုင်ရာ စသည့် စာအုပ်ပေါင်း ၈၅ အုပ်ကို ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက လက်ခံရယူခဲ့ပြီး ဟောပြောပေးပါသော ဆရာကြီး ဒေါက်တာမောင်သင်းအား ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အမှတ်တရ ဂါရဝ လက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)