အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၌၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲနှင့် ပန်းခင်းစီမံချက် ၃ ကွင်းဆင်းဆောင်ရွက်

အမရပူရ သြဂုတ် ၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မြစ်ငယ်မြို့၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် ၉ နာရီခွဲချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကောက်ယူမည့် သန်းခေါင်စာရင်း အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ပြီး Projector ဖြင့် ရှင်းလင်းဆွေးနွေးပြီး ဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဟောပြောပွဲအပြီးတွင် ပြည်သူများ လေ့လာနိုင်စေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ဝေသော လက်ကမ်းစာစောင်များကို အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အသိပညာပေး ဟောပြောပွဲများကို တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ ရပ်ကွက်/ ကျေးရွာများနှင့် အလုပ်ရုံများပါမကျန် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

 ဆက်လက်ပြီး ပန်းခင်းစီမံချက် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆောင်ရွက်ပေးခဲ့ရာ ကျား ( ၄၂)ဦးနှင့် မ (၆၂) ဦးစုစုပေါင်း ၁၀၄ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)