သုံးခွ သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သုံးခွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့မျက်မှောက်ခေတ်ကာလမှာ ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဥ်များကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ် မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ဒီလိုဘေးအန္တရာယ်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျ တုံ့ပြန်ရင်ဆိုင်ရမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မီးသတ်ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများကို စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး လင်းမောင်သက်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မျိုးလွင်တို့က အသီးသီးအမှာစကားပြောကြားပြီး အရန်မီးသတ်တူညီဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအား သြဂုတ်လ ၅ ရက်နေ့မှ ၃၀ရက်နေ့အထိ သင်တန်းသား(၅၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)