မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းပဉ္စမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကျင်းပ

ရန်ကုန် သြဂုတ်

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ပဉ္စမအကြိမ်နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးစိုးသိန်း၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေး၀င်းနှင့် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် အသင်းသူအသင်းသားများ တက်ရောက်ကြသည်

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေး၀င်းနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အစားအသောက်နှင့် ဆေးဝါးကွက်ကဲမှုဦးစီဌာန ညွှန်ကြားရေးမှုးချုပ်တို့က အမှာစကားပြောကြားကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌက အသင်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အခမ်းအနားသို တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့‌ကြသည်။

ယင်းနောက် အသင်းအလုပ်အမှုဆောင်အဖွဲ့၏ (၂၀၂၃-၂ဝ၂၄) ခုနှစ်အတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း၊ အသင်း၏ (၂၀၂၃-၂၀၂၄)နှစ်ချုပ်ငွေစာရင်းရှင်းတမ်းနှင့် ပတ်သက်၍ စာရင်းစစ်အဖွဲ့၏ စစ်ဆေးမှုအစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း၊ နှစ်ပတ်လည်အစည်းအဝေးသို့ အသင်းသူအသင်းသားများမှ ကြိုတင်ပေးပို့ထားသော အကြံပြုချက်များနှင့် မေးမြန်းချက်များအား ဖတ်ကြား၍ ပြန်လည်ဖြေကြားခြင်း၊ GBS Co Ltd မှ တင်သွင်းသော ဆီစက်နှင့် ဆက်စပ်ပစ္စည်းများ မိတ်ဆက်ခြင်းတို့ကို ပြုလုပ်ကြပြီး မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ပဉ္စမအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေးအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သတင်းရရှိသည်။

အောင်မြင့် (ပြန်/ဆက်)