ကျောက်ဆည် ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ၊ စားသုံးဆီ အခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ ဝယ်ယူ၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့က မြို့မ(၁၀)ရပ်ကွက်နှင့် ကျေးရွာ (၉) ရွာများတွင် နေထိုင်လျက်ရှိသော ပြည်သူများအား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများအား ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ Resources Group Trading Co,Ltd နှင့် Business Success Co,Ltdတို့မှ ရည်ညွှန်းဈေးတစ်ပိဿာငွေ (၅၄၆၀)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများဖြစ်ကြောင်းနှင့် ရောင်းချရာတွင် ကျောက်ဆည်မြို့မ (၁၀) ရပ်ကွက်မှ ဈေးသူ၊ ဈေးသားပြည်သူများအား မြို့မဈေးမှ ဗိုလ်တစ်ထောင် စားသုံးဆီ လက်လီ၊လက်ကား ရောင်းဝယ်ရေးဆိုင်နှင့် အေးမြကြည်လင်ဈေးရှိ ဦးသန်းဌေး၊ စစ်ငြိမ်းစားသုံးဆီလက်လီလက်ကား ရောင်းဝယ်ရေးဆိုင်များမှ ရောင်းချခဲ့ပြီး မင်းစု၊ ရွှေဒါး၊ ငါးမြွေကုန်း၊ ဆူးလေကုန်း၊ အင်တိုင်း၊ မယ်ဇယ်ပင်၊ ရွှေလေးကျေးရွာများမှ ပြည်သူများအား နေလသုခ၊ အေးချမ်းသူ၊ ယံယံ၊ နဒီဧရာ၊ မီဇာန်၊ အနန္ဒဂုဏ်ရည် စားသုံးဆီ အရောင်းဆိုင်များမှ အသီးသီးရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)