ဆီဆိုင် ဩဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ဒေသခံပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူတို့မှ ဆီဆိုင်မြို့နယ်အတွင်း နေထိုင်ကြသည့် ဟိုခဲရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ အောင်သပြေရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ မြကန်သာရပ်ကွက်၊ သီရိရပ်ကွက်၊ ဟော်တောင်ကျေးရွာ၊ ဟော်မြောက်ကျေးရွာ၊ ဘုရားဖြူကျေးရွာ၊ ဝါးတောကျေးရွာ၊ တခေါ့တန်ကျေးရွာနှင့် ပန်လိုင်းကျေးရွာတို့မှ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာ(၆)ရွာတို့ရှိ စုစုပေါင်းပြည်သူဦးရေ ၁၂၅၁၉ ဦးအားတစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီ(၂)ဘူးနှုန်းဖြင့် ဇူလိုင်လအတွင်း ဒုတိယအကြိမ်(၁၅)ရက်စာအတွက် ဆန်ရိက္ခာ ၂၄ ပြည်ပါ ဆန်အိတ် ၁၉၅၆ အိတ်ကို ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သူရ(ဆီဆိုင်)